user online
User Online
Tuesday, July 20, 2010
Friday, July 16, 2010
ယနေ့သတင်း
ရန်ကုန်- မန္တလေး အဝေးပြေးကား နံနက်ပိုင်း ခရီးစဉ် ပထမဆုံးစတင် ပြေးဆွဲ
ရန်ကုန်- မန္တလေး နံနက်ပိုင်း ခရီးစဉ်ကို ပထမဆုံးအဖြစ် ဇွန်လ ၁၅ ရက်မှ စတင်ပြေးဆွဲလျက် ရှိကြောင်း ရွှေစင်စကြာ ခရီးသည်ပို့ဆောင်ရေးမှ တာဝန်ခံ ကိုနေမျိုးက ပြောကြားသည်။ “ ရန်ကုန်- မန္တလေး လမ်းကြောမှ မနက်ပိုင်း ပြေးဆွဲတာပါ။ ပထမဆုံးပဲ။ မနက် ၇ နာရီ ထွက်မယ်။ မန္တလေးကို ည ၉ နာရီ ရောက်မယ်။ ပုံမှန်လမ်းကြောင်း အတိုင်းဆို ရန်ကုန်ကနေ မုံရွာ- မန္တလေး- ပြင်ဦးလွင်- နေပြည်တော် ပြေးဆွဲ ပေးနေ ပါတယ်။ နေ့စဉ် မုံရွာ ၃ စီး၊ မန္တလေး ၂ စီး၊ ပြင်ဦးလွင် ၁ စီးနဲ့ နေပြည်တော်ကို ၅ စီး ပြေးဆွဲ ပေးပါတယ်။ နေပြည်တော် ခရီးစဉ်ကတော့ တနင်္ဂနွေဆိုရင် ၁၀ စီးလောက် ထွက်ရတယ်။ နေပြည်တော် လမ်းပိုင်းမှာ ရိုးရိုးလမ်း (လမ်းဟောင်း) ဆိုရင် ပဲခူး ရှမ်းမေတ္တာ စားသောက်ဆိုင်၊ ဝမ်းတွင်းမြို့၊ ပဲနွယ်ကုန်း ရွှေဥ စားသောက်ဆိုင်တွေမှာ နားတယ်။ ရန်ကုန်-နေပြည်တော် အမြန်လမ်းကတော့ ပိုင်အိုနီးယားမှာ နားတယ် ” ဟု ကိုနေမျိုးက ပြောသည်။ ယခုအခါ လိုက်ပါစီးနင်းသော ခရီးသည်များမှာ ရိုးရိုးလမ်း (လမ်းဟောင်း)နှင့် နှိုင်းယှဉ်ပါက အမြန်လမ်းကို ပိုမိုကြိုက်နှစ်သက်ပြီး ယာဉ်မောင်းများမှာလည်း အမြန်လမ်းတွင် မောင်းနှင် ရခြင်းကို ပိုမိုကြိုက်နှစ်သက် ကြကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံး လက်ကားဈေးကြီး ၂၀၁၀ ခုနှစ်တွင် ဖွင့်လှစ်မည်
မြန်မာနိုင်ငံတွင် အကြီးဆုံး လက်ကားဈေးကြီး တစ်ခုကို ရန်ကုန်မြို့ ဝေဇယန္တာ လမ်းမပေါ်တွင် ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ရန် စီစဉ်လျက်ရှိပြီး ၅၀ ရာခိုင်နှုန်းအထိ တည်ဆောက် ပြီးစီးပြီ ဖြစ်ကြောင်း အဆိုပါ ဈေးဖွင့်လှစ်မည့် မြဝတီထရေးဒင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ နှစ်ထပ် အဆောက်အအုံများဖြင့် တည်ဆောက်ထားသော အဆိုပါ ဈေးတွင် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အမျိုးမျိုးကို လက်လီလက်ကား ရောင်းချမည် ဖြစ်ပြီး မော်တော်ယာဉ် အပိုပစ္စည်း အရောင်းဆိုင်များ၊ အခြားသော အထွေထွေသုံး ပစ္စည်း အရောင်းဆိုင်များလည်း ပါဝင်မည် ဖြစ်ကြောင်း၊ မြန်မာ အစားအစာ၊ ဥရောပ အစားအစာ၊ တရုတ် အစားအစာ၊ ထိုင်း အစားအစာ စသည့် စားသောက်ဖွယ်ရာ မျိုးစုံ ရောင်းချသော စားသောက်ဆိုင်ကြီးများ၊ ဘီယာဘားများ၊ ဘားကလပ်များနှင့် ခေါင်မိုးထပ်တွင် Garden Land တို့ပါဝင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။ အဆိုပါ ဈေးအတွင်း မော်တော်ယာဉ် ၃၅၀ မှ ၄၀၀ ကြား ရပ်နားနိုင်သည့် ယာဉ်ရပ်နား စခန်းထားရှိမည် ဖြစ်သည့် အပြင် ဈေးဝယ်သူများ အလွယ်တကူ သွားလာနိုင်စေရန် ပါရမီ တက္ကစီများ ရပ်နားရန် ဂိတ်တစ်ခု ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်း ၎င်း၏ အဆိုအရ သိရသည်။ အဆိုပါ ဈေးမှ ဝယ်ယူသော ပစ္စည်းများကို အိမ်တိုင်ရာရောက် လိုက်ပို့ပေးသည့် ဝန်ဆောင်မှု မျိုးကိုလည်း ထည့်သွင်းထားကြောင်း ၎င်းက ပြောကြားသည်။ “ Credit Card တွေ၊ Member Card တွေနဲ့ ဝယ်လို့ ရအောင်လည်း စီစဉ်ပေးထား ပါတယ်”ဟု ၎င်းက ဆိုကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ထုတ် The voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
မကွေးအက်ဖ်စီ ဗိုင်းရပ်စ်သတ်နိုင်တဲ့ ဆော့ဖ်ဝဲလ် အခမဲ့ ရယူနိုင်
ယခုလဆန်း ၁ ရက်နေ့က စတင်ပြီး ဆိုးဆိုးရွားရွား ကူးစက်ပျံ့နှံ့နေတဲ့ မကွေးအက်ဖ်စီ ကွန်ပျူတာ ဗိုင်းရပ်စ်ကို ရှင်းလင်း နိုင်မယ့် ဆော့ဖ်ဝဲလ်တစ်မျိုး http://okviruscleaner.ning.com မှာ အခမဲ့ ဒေါင်းလုပ်ဒ် (download) ရယူနိုင်ပြီလို့ သိရပါတယ်။ MGY လို့လည်း သိကြတဲ့ Magway FC ဗိုင်းရပ်စ်ကို ပြီးခဲ့တဲ့နှစ်၊ ဒီဇင်ဘာလ ကတည်းက စင်ကာပူနိုင်ငံမှာ စတင် တွေ့ရှိခဲ့ပေမဲ့ တိုက်ခိုက်မှု၊ ထိခိုက်မှု မရှိခဲ့ဘဲ ယခုနှစ် ဇူလိုင် ၁ ရက်နေ့ ရောက်မှ သာ ကွန်ပျူတာ အများအပြား တစ်ပြိုင်နက်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။ သည်ဗိုင်းရပ်စ် အကြောင်းကို နိုင်ငံခြားက antivirus ကုမ္ပဏီတစ်ခုဖြစ်တဲ့ Prevx က စတင်သိရှိခဲ့ပြီး သူရဲ့ ဝက်ဘ်ဆိုက် http://www.prevx.com/filenames/2179818813015117709-X1/MGY.EXE.html မှာ ရှင်းဖို့ ထုတ်ပေးထားပေမဲ့ ဒေါ်လာနဲ့ဝယ်သုံးရမယ်လို့ သိရတယ်။ ဒါ့အပြင် သာမန် user တွေအနေနဲ့ လိုက်လုပ်ဖို့ မလွယ်ဘဲ Technician ရဲ့ အကူအညီရမှသာ အဆင်ပြေနိုင်တယ်လို့ ဆိုပါတယ်။ ‘အခုအစ်ကို လုပ်တဲ့ ဖြေရှင်းနည်းက process ရပ်ပြီးတာနဲ့ cleaner ကို run ပေးလိုက်ရုံ၊ ဆယ်မိနစ်လောက်ပဲ ကြာတယ်၊ အဆင့်အများကြီး မလိုဘူး၊ cleaner ကို double click နှိပ်ရုံ လုပ်ပေးထားတာပါ’လို့ အိုကေ ဗိုင်းရပ်စ် ကလင်နာမှ ကိုစိုးမင်းသူကပြောပါတယ်။ အရင်က MGY ဝင်ရင် ၅ ဖိုင်ဝင်ပြီး mgy.exe.smss.exe ၊ csrss.exe ဖိုင်တွေသာ process အနေနဲ့ အလုပ်လုပ်ပြီး ထင်ရှားတဲ့ effect အနေနဲ့လည်း Magway FC လိုဂိုလေး taskbar ညာဘက်ထောင့်နားမှာ တစ်ခါတစ်ရံမှသာ ပေါ်လာတတ်ပါတယ်။ အခု လဆန်းပိုင်းမှာတော့ ကျန်ရှိနေတဲ့ isass.exe, icserv.exe ဖိုင်တွေပါ အလုပ်လုပ်လာပြီး ဆိုကျိုးနဲ့ effect တွေအလွန် အန္တရာယ် ရှိလာတယ်လို့ သိရပါတယ်။ ဗိုင်းရပ်စ် ဝင်ရောက်တဲ့အခါ အချိန်မဆွဲဘဲ အမြန်ဆုံး ရှင်းလင်းတာ၊ ကိုယ်တိုင် မလုပ်တတ်ရင် technician တွေနဲ့ ပြသတာတွေ ပြုလုပ်သင့်တယ်လို့ ဆိုကြပါတယ်။ ဗိုင်းရပ်စ် မရှင်းရသေးခင် ဗိုင်းရပ်စ် ဝင်ရောက်ခံနေရတဲ့ ကွန်ပျူတာကို ဖွင့်မထားသင့်ဘဲ ကွန်ပျူတာဖွင့်ထားတဲ့ အချိန်ကြာလာတာနဲ့အမျှ system နဲ့ file တွေ ပျက်စီးမှုပိုများ နိုင်တယ်လို့ သိရတယ်။ လက်ရှိ အခြေအနေမှာ ဗိုင်းရပ်စ်နဲ့ virus effect တွေကို ရှင်းလင်းနိုင်ပေမဲ့ ပျက်စီးသွားတဲ့ ဖိုင်တွေကို ပြန်လည်ရယူဖို့မလွယ်ကူသေးဘူးလို့ သိရကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင် ဖော်ပြထားပါသည်။

Thursday, July 15, 2010
Subscribe to:
Posts (Atom)